Thursday, November 20, 2014
ပည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်ထံမှ (၉၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအားဖတ်ကြား
(၉၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားအား (၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်)ရက် နေ့တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း၊ ဒေါ်ခင်သိန်း ခန်းမဆောင်တွင်ကျင်းပပြုလုပ်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံထွန်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်း၊ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဌ ဦးစိုင်းအောင်ဆာ၊ အတွင်းရေးမှူး ဦးမောင်မောင်မြင့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ဝင်းမြင့်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးရုံး၊ မြို့နယ်ဦးစီးအရာရှိ ဦးမြစိန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒေါ်စိန်စိန်မေတို့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ အသင်းအဖွဲ့ ၀င်များတက်ရောက်ခဲ့ကြပြီးအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းမှ
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်ထံမှ
(၉၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော
သဝဏ်လွှာအားဖတ်ကြားရာတွင် -
ချစ်ကြည်လေးစားအပ်ပါသော တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-
(၉၄)နှစ်မြောက် အမျိုးသားနေ့ဖြစ်သည့် ၁၃၇၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် (၁၀)ရက် (၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်) ယနေ့အချိန်အခါ သမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား မိဘပြည်သူတစ်ရပ်လုံး ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံ၍ မင်္ဂလာအပေါင်းနှင့် ခညောင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်း ဆက်သအပ်ပါသည်။
ယနေ့သည် မြန်မာနိုင်ငံအမျိုးသားပညာရေးသမိုင်းတွင် အမျိုးသားရေးစိတ်ဓါတ် ကို ဖော်ကျူးပြသနိုင်ခဲ့သည့် အမျိုးသားနေ့၏ (၉၄)နှစ် မြောက် အခါသမယဖြစ်ပါ သည်။ ထို့အတူမြန်မာ့ပညာရေးသမိုင်းတွင်မှတ်တမ်းတွင်ရစ်မည့် မြန်မာတစ်မျိုးသား လုံး၏ ပညာရေးအရည်အသွေးကို မြှင့်တင်နိုင်ရန် ပြည်သူ့ဆန္ဒအခြေပြု လက်တွေ့ ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခွင့်ရှိသည့် ပထမဦးဆုံးသော အမျိုးသား ပညာရေး ဥပဒေကို အောင်မြင်စွာရေးဆွဲအတည်ပြု ပြဋ္ဌာန်းနိုင်သော နှစ်ထူးနှစ်မြတ် အခါသမယ လည်းဖြစ်ပါသည်။
ယနေ့ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို လုပ်ငန်းနယ်ပယ်အလိုက် အဆင့်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ တတိယအဆင့်အရှိန်အဟုန်မြှင့် ဆောင်ရွက် သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော အခါသမယလည်းဖြစ်ပါသည်။
နိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်ပြီး ဘက်စုံအတွေးအခေါ် မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန် သော လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ရေးနှင့် ခေတ်စနစ်၏ လိုအပ်ချက်များ နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို လမ်းညွှန်ပို့ဆောင်နိုင်သော ပညာရေးစနစ် ဖြစ်ပေါ်ရေးသည် တစ်မျိုးသားလုံး၏ အမျိုးသားရေးတာဝန် တစ်ရပ်ပင်ဖြစ်ပေသည်။
အမျိုးသားပညာရေးသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကအခန်း ကဏ္ဍမှ ပါဝင်နေသည်ဖြစ်ရာပညာရေးမြှင့်တင်ရေးသည်နိုင်ငံတော်အစိုးရ၏ ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးတွင် အထူးအလေးပေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ် ကြီးတစ်ရပ် ဖြစ်ပေသည်။ နိုင်ငံတော်၏ နိုင်ငံရေးတည်ငြိမ်မှု၊ အေးချမ်းသာယာမှု၊ စည်း လုံးညီညွှတ်မှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူများ စားဝတ်နေရေးဖူလုံမှု၊ ယဉ် ကျေးမှု အမွေအနှစ်နှင့် အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်မှုတို့သည် ပညာရေးမှ လေ့ကျင့်သင်ကြားပေးလိုက်သည့် မျိုးချစ်စိတ်ဓါတ်ကို အခြေခံသော အသိပညာ၊ အတတ်ပညာများမှ ရရှိနိုင်မည် ဖြစ်သည်။
ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ လူ့အခွင့်အရေးကို တန်ဖိုးထား လိုက်နာတတ်သည့် လူငယ်လူရွယ်များကို မွေးထုတ်ပေးနိုင်ရန် ဦးတည်လျက် ပညာရေး အရည်အသွေးနှင့် အဆင့်အတန်း ပိုမိုမြင့်မားလာစေရေးအတွက် အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့တွင် သင်ကြားရေး၊ သင်ယူရေးတို့ကို မြန်မာ့အစဉ်အလာနှင့် ကိုက် ညီသည့် နိုင်ငံတကာအဆင့်မီသင်ရိုးညွှန်းတမ်းများရေးဆွဲကာ သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပေသည်။ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိ စေရန် အခမဲ့မသင်မနေရ ပညာရေးစနစ်ကိုလည်း အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်လျှက်ရှိပါ သည်။ ရှေ:ဦးအရွယ် ကလေးသူငယ်ပညာရေးမှစ၍ နည်းပညာနှင့် သက်မွေးပညာရေး အပါအဝင် အဆင့်မြင့်ပညာရေး အဆင့်အထိ ပညာအရည်အသွေး မြှင့်တင်ရေး၊ ဆင်းရဲ မှုလျော့ပါးရေး လုပငန်းများကို စီမံကိန်းချ၍ ဦးစားပေး ဆောင်ရွက်လျက်ရှိပေသည်။ ထိုသို့ဆောင်ရွက်ရာတွင် အထူးပညာရေးအစီအစဉ်နှင့် လူတိုင်းအကြုံးဝင်ပညာရေး အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံသားတစ်ဦးတစ်ယောက်မျှ မကျန် ပညာသင်ယူခွင့် ရရှိရေးကို လည်း အလေးထားဆောင်ရွက်လျှက် ရှိပေသည်။
တက္ကသိုလ်များတွင် လွတ်လပ်၍ တက်ကြွသော ပညာရပ်ဝန်းကျင်ကောင်းများ ပေါ်ထွန်းရေးကို အထူးအလေးပေး ဆောင်ရွက်ခြင်း၊ ဘွဲ့တစ်ခုရရုံဖြင့် မပြီးစေဘဲ စည်း ကမ်းရှိ၍ မျိုးချစ်စိတ်ဓါတ်ပြည့်ဝသော၊ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော် လွှားနိုင်သည့် စွမ်းရည်ပြည့်ဝသော လူငယ်များအဖြစ် ပေါ်ထွန်းလာစေရန် လေ့ကျင့်ပျိုး ထောင်ပေးခြင်းများကို ဆောင်ရွက်လျှက်ရှိပေသည်။
နိုင်ငံတော်ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဒေသတစ်ခုချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပဓာနကျသည်ဖြစ်ရာ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင်၊ဒေသတွင်းအရင်းအမြစ်များကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဒေသခံပြည်သူ များ၏ အင်အားနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးသည် လွန်စွာအရေးကြီးပေသည်။ ဒေသအလိုက် ထွက်ရှိနေသော၊ ဒေသအလိုက်တည်ရှိနေသော သဘာဝသယံဇာတနှင့် အရင်းအမြစ်များကို ရှာဖွေစူးစမ်း သုတေသနပြုခြင်း၊ အနာဂတ်တွင် ထုတ်ယူအသုံးပြု နိုင်အောင်ကြိုတင်စီစဉ်ခြင်း၊ ဒေသတွင်းရှိ တက္ကသိုလ်များ၏ ပညာအရင်းအမြစ်များကို ထိထိရောက်ရောက် ဆက်စပ်အသုံးပြုနိုင်အောင် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို ဆက် လက်လုပ်ဆောင်သွားရမည် ဖြစ်ပေသည်။
ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် ဒီမိုကရေစီ နိုင်ငံတော် သစ်တည်ဆောက်ရေးတွင် လွတ်လပ်ရေးရပြီးကတည်းက မကြုံဖူးသေးသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ငြိမ်းချမ်းရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို တိုင်း ရင်းသားပြည်သူ တစ်ရပ်လုံးက မျက်ဝါးထင်ထင်တွေ့မြင်ခံစားနေကြရပြီဖြစ်ပေသည်။ အလားတူ အခက်အခဲ အတားအဆီးများ ၊စိန်ခေါ်မှုများကိုလည်း တွေ့ကြုံရင်ဆိုင်ခဲ့ရ ပြီး ပြည်သူတစ်ရပ်လုံး၏ စည်းလုံးညီညွှတ်မှုအင်အားဖြင့် အောင်မြင်စွာ ဖြေရှင်းကျော် လွှားနိုင်ခဲ့သည်ကိုလည်း တွေ့မြင်ကြရပြီးဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်ကြီးသည် အာဆီယံထိပ်သီးအစည်းအဝေးများကို အိမ်ရှင်နိုင်ငံအဖြစ် အဆင့်မီ ကျင်းပနိုင်ခြင်း၊ အာဆီယံ ဥက္ကဌအဖြစ် ဒေသတစ်ခုလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများကို ဦးဆောင်နိုင်ခြင်းများသည် နိုင်ငံတကာ စင်မြင့်တွင် အောင်မြင်မှုများရရှိနေသည့် ထင်ရှားသော ဂုဏ်ယူဖွယ် သာဓကတစ်ခုပင် ဖြစ်ပေသည်။
အောင်မြင်မှုရလဒ်များကို အမိအရ ဆုပ်ကိုင်ပြီး ရှေ့ဆက်ရမည့် ဒီမိုကရေစီခရီး တွင် ကြုံတွေ့ရမည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို တိုင်းရင်းသားပြည်သူ ညီရင်း အစ်ကိုမောင်ရင်းနှမ တစ်ရပ်လုံး၏ စည်းလုံးညီညွှတ်သော အင်အားဖြင့် အောင်မြင်စွာ ရင်ဆိုင်ကျော်လွှားနိုင်ရန်အတွက် ယနေ့ကျရောက်သည့် (၉၄)နှစ်မြောက် အမျိုးသားနေ့ ဦးတည်ချက်များဖြစ်ကြသည့်-
(၁) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓါတ်ရှင်သန်ထက် မြက်ရေး၊
(၂) အမျိုးသား ပညာရည်မြင့်မားရေး၊
(၃) နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊
(၄) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေး၊
ဦးတည်ချက်တို့ကို တစ်မျိုးသားလုံးက ခိုင်မာသော သံဓိဋ္ဌာန်၊ တက်ကြွသော အားမာန်၊ စည်းလုံးညီညွှတ်သော အင်အားဖြင့် ဒီမိုကရေစီပန်းတိုင်သို့ အရောက် လှမ်းကြပါရန် ဤနေ့ထူးနေ့မြတ် အခါသမယတွင် အလေးအနက် တိုက်တွန်းနှိုးဆော် အပ်ပါသည်။
ယင်းနောက် အခမ်းအနားအားဆက်လက်ကျင်းပရာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်း အဆင့် အမျိုးသားနေ့ စာစီစာကုံးပြိုင်ပွဲ ဆုရကျောင်းသူ/ကျောင်းသားများအား ဆုချီးမြှင့်ခြင်းအစီအစဉ် များကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
Subscribe to:
Post Comments (Atom)
No comments:
Post a Comment